Wednesday, February 5, 2014

ကမ္ဘာ့ဖလားအိမ်ရှင် ဘရာဇီးလ်ကို ဂုဏ်ပြုသည့် Nike ဂျာစီသစ်များ


ဘရာဇီးလ် စီးရီးအေ ကလပ်အသင်းများအနက် နာမည်ကျော် ကိုရင်သီယန်စ်၊ အင်တာနေစီယွန်နယ်လ်၊ ဆန်းတို့စ်တို့အပြင် ကိုရီတီဘာနှင့် ဘာဟီရာတို့သည် အသင်း၏ တတိယဦးစားပေး ဂျာစီများအဖြစ် အဝါရောင် ဒီဇိုင်းသစ်များကို ပွဲထုတ် မိတ်ဆက်လာခဲ့ကြ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ဘရာဇီးလ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အခြေအနေအပေါ် ထောက်ခံမှုအဖြစ် ဘရာဇီးလ် ထိပ်တန်းကလပ်များက ၎င်းတို့၏ အဝါရောင် ဂျာစီသစ်များကို မိတ်ဆက်ပြသခဲ့သည်။ ကမ္ဘာ့ဘောလုံးလောကတွင် အစဉ်အလာ အကြီးဆုံးဖြစ်သည့် ဘရာဇီးလ် လက်ရွေးစင် အသင်းသည် အဝါရောင်ဂျာစီကို သင်္ကေတတစ်ခု အနေဖြင့် စွဲစွဲမြဲမြဲ ဝတ်ဆင်လာခဲ့သည်။ ယခုအခါ ဘရာဇီးလ် စီးရီးအေ ကလပ်အသင်းများအနက် နာမည်ကျော် ကိုရင်သီယန်စ်၊ အင်တာနေစီယွန်နယ်လ်၊ ဆန်းတို့စ်တို့အပြင် ကိုရီတီဘာနှင့် ဘာဟီရာတို့သည် အသင်း၏ တတိယဦးစားပေး ဂျာစီများအဖြစ် အဝါရောင် ဒီဇိုင်းသစ်များကို ပွဲထုတ် မိတ်ဆက်လာခဲ့ကြသည်။

အဆိုပါ အသင်းများသည် ကမ္ဘာ့ချန်ပီယံ (၅)ကြိမ်ရ ဘရာဇီးလ် အသင်းကို ဂျာစီစပွန်ဆာ ပေးထားသည့် Nikeနှင့်ပင် စာချုပ်ထားကြပြီး ယခုအဝါရောင် ဂျာစီများ အားလုံးကို Nikeကပင် ဒီဇိုင်းထုတ် ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဂျာစီများတွင် ဒီဇိုင်းတစ်ခုချင်းစီသည် အဝါရောင် နောက်ခံတွင် ကလပ်အသင်း၏ မူလဦးစားပေး ဂျာစီအရောင်ကို ရောစပ်ထည့်သွင်းပြီး ဖန်တီးထားခြင်း ဖြစ်သည်။ ဂျာစီ၏ အတွင်းပိုင်းတွင် Nascido pra jogar Futebolဆိုသော စာသားကိုလည်း ရေးထိုးထားသည်။ ယင်းမှာ "ဘောလုံးကစားရန် မွေးဖွားလာခြင်း"ဟု အဓိပ္ပါယ်ရကြောင်းလည်း သိရသည်။

Nike၏ ဘရာဇီးလ် ဌာနခွဲ အရောင်းမြှင့်တင်ရေးဌာန ဒုတိယ ဥက္ကဋ္ဌ ဟင်နရီ ရာဘယ်လိုက "ပရိသတ်တွေ အနေနဲ့ ဘရာဇီးလ် လက်ရွေးစင် အသင်းရဲ့ အဝါရောင် အမှတ်အသားကို ကွင်းထဲမှာ မြင်တွေ့နေရချိန်တိုင်း ကျေနပ်နေပါလိမ့်မယ်။ ဒီအရောင်ရဲ့ နောက်မှာ အံ့မခန်း ဘောလုံးယဉ်ကျေးမှုက ထင်ဟပ်နေပြီးသားဆိုတာ အားလုံးအသိပဲလေ။ ကျွန်တော်တို့နဲ့ လက်တွဲထားတဲ့ ကလပ်အသင်းတိုင်းမှာ အဝါရောင် ဂျာစီဒီဇိုင်းသစ်တွေ ပေါင်းစပ်ပေးလိုက်တယ် ဆိုတာက ဘရာဇီးလ်ရဲ့ ထူးခြားလှတဲ့ ဘောလုံးကစားပုံကို ကျွန်တော်တို့ တတ်စွမ်းသမျှ ပုံစံတစ်ခုကနေ ဂုဏ်ပြုလိုက်တဲ့ လုပ်ဆောင်မှု တစ်ခုပါပဲ"ဟု ပြောကြားသွားသည်။ Nike၏ ဂျာစီသစ်များ မိတ်ဆက်မှုတွင် ဘရာဇီးလ် လက်ရွေးစင်များ ဖြစ်ကြသည့် ကိုရင်သီယန်စ် တိုက်စစ်မှူး အလက်ဇန္ဒား ပါတိုနှင့် အင်တာနေစီယွန်နယ်လ် ခံစစ်မှူး အက်ဒ်မီလ်ဆင်တို့ကလည်း ပါဝင်သရုပ်ပြခဲ့ကြောင်း သိရှိရသည်။

Planet Myanmar Network

No comments:

Post a Comment