ထိုင်းအခက် မြန်မာအချက်
ထိုင်းသည်
မြန်မာ၏ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်သည်။ထိုင်းသည် မြန်မာနိုင်ငံတွင်
များစွာ ရင်းနှီးမြုပ်နှံထားပြီး အချီကြီး ထပ်မံ
မြုပ်နှံရန်လည်းဆောင်ရွက်နေသည်။ မြန်မာသန်းနှင့်ချီပြီး ထိုင်းတွင်
အလုပ်လုပ်နေကြရာ ထိုင်းသည်မြန်မာတို့၏ အလုပ်ရှင်ဖြစ်သည်။
ထိုမြန်မာသန်းနှင့်ချီပြီး အလုပ်လုပ်ရာမှ မြန်မာသို့ပြန်ပို့သော
ငွေသည် မြန်မာနိုင်ငံတွင် ကျန်သော မိသားစုများအတွက် အဓိက
ဝင်ငွေဖြစ်သည်။ထိုင်းသည် မြန်မာအတိုက်အခံများ၊ အစိုးရကို ဆန့််ကျင်သော
လက်နက်ကိုင်တပ်ဖွဲ့များကိုလက်ခံထားခြင်းဖြင့် မြန်မာ့နိုင်ငံရေးတွင်
အဓိကကျသော အခန်းကဏမှပါဝင်ခဲ့သည်။
ယဉ်ကျေးမှုချင်းနီးစပ်၊အိမ်နီးချင်းဖြစ်ပြီး ပတ်သက်ဆက်စပ်
အပေါက်အရောက်များသည့် ထိုင်း၊ ဒီမိုကရေစီခရီးအတန်အသင့်ပေါက်ပြီး
ထိုင်းကို ဒီမိုကရေစီလမ်းသို့ လျှောက်လှမ်းစ မြန်မာတို့ကလှမ်းမေ
ျှာ်လေ့လာကြသည်မှာ ဓမ္မတာ။ ထို့ကြောင့် ထိုင်းအခက်သည် မြန်မာနှင့်
ပတ်သက်သည်။မြန်မာတို့ မခက်ရအောင် ထိုင်းအခက်မှ သင်ခန်းစာ
ယူနိုင်သည့်အတွက် ထိုင်းအကျပ်အတည်းကိုလေ့လာကြည့်ကြရအောင်။
နာမည်ကျော် ၀န်ကြီးချုပ်ဟောင်း သက်ဆင်၏ ညီမ
ယင်းလပ်ဦးဆောင်သောအစိုးရအဖွဲ့ကို ထွက်ပေးရန် အတိုက်အခံ ဒီမိုကရက်များ
ဦးဆောင်သည့် အင်အားစုကြီးကBangkok ShutDown ဟု ဘန်ကောက်မြို့လယ်ကို
ဇန်န၀ါရီ ၁၃ရက်နေ့က သိမ်းပိုက်လိုက်သည်။ဝန်ကြီးရုံးများကိုလည်း ရေနှင့်
မီးဖြတ်လိုက်ကာ ယင်းလပ်အစိုးရအဖွဲ့ မထွက်မချင်းထိုသို့
စီးနင်းထားမည်ဟု ရာဇသံပေးလိုက်သည့်အတွက် လွန်ခဲ့သော လများကတည်းက
စတင်ခဲ့သောထိုင်းနိုင်ငံရေး အကျပ်အတည်းသည် ဇာတ်အထွတ်သို့
ရောက်သွားခဲ့ပြီ ဖြစ်သည်။
ယခု ထိုင်းနိုင်ငံရေးအကျပ်အတည်းကို
နားလည်နိုင်ရန် ထိုင်းနိုင်ငံ၏ ဇာတ်ကြောင်းကို
လေးငါးဆယ်နှစ်လောက်ပြန်လှန်ရန်လိုသည်။ ယူနီဖောင်းချွတ် ရဲအရာရှိကြီး၊
စီးပွားရေးလုပ်ငန်းရှင်ကြီး သက်ဆင်နိုင်ငံရေးလောကတွင်း
ဝင်ရောက်လာအပြီးတွင် ထိုင်းနိုင်ငံရေးသည် နတ်ရေကန်ထဲ
ပစ်ချလိုက်သကဲ့သို့အပြောင်းကြီးပြောင်းသွားသည်။ ထိုင်းနိုင်ငံ၏
အစဉ်အလာနိုင်ငံရေးသမားတို့ မေ့ထားသောကျေးလက်နေတို့
သည်းခြေကြိုက်မူဝါဒတို့ ချသည်။ ဘယ်မင်းတက်တက် ကိုယ်ထူကိုယ်ထ
လုပ်စားခဲ့ရသောထိုင်းကျေးတောနေတို့ အတွက် သက်ဆင်သည်
ကြည်ညိုစရာကောင်းလှသည်။ သက်ဆင်သည် ထိုင်းဆင်းရဲသူတို့၏ထောက်ခံမှုကို
အခိုင်အမာ ရသွားရာ ထိုင်းနိုင်ငံသမိုင်းတွင်ဒုတိယအကြိမ်
ရွေးကောက်ခံရသည့် ပထမဦးဆုံး ၀န်ကြီးချုပ် အဖြစ်
မှတ်တမ်းဝင်သွားသည်။အာဏာကို မလိမ့်တပတ်လုပ်ပြီး
ကိုယ့်အိပ်ကပ်ထဲကိုယ်ထည့်သည်ဆိုကာ သက်ဆင်ကို
မြို့သားအများအပြားကသဘောမကျ။ အပြင်လူ သက်ဆင် အောင်ပွဲခံနေသည်ကို
အစဉ်အလာအတွင်းစည်းသမားများကလည်း မခံချင်။ထိုင်းတွင် ဘုရင်ကို
ကြည်ညိုသူများသည့်အတွက် သက်ဆင်ကို ဘုရင်နှင့် တိုက်ပေးရန်
ကြိုးစားကြသည်။ နောက်ဆုံးတွင် သက်ဆင့်လက်မှအာဏာကို ထိုင်းစစ်တပ်က
သိမ်းယူလိုက်သည်။ ကျင်းပသည့် ရွေးကောက်ပွဲတွင် သက်ဆင့် ပါတီပင်
နိုင်ပြန်သည်။ သက်ဆင့်ပါတီကို တက်သောအခါ အတိုက်အခံများက
ပိတ်ဆို့ဆန္ဒပြလိုက်၊တရားရုံးအကူအညီဖြင့် ဖြုတ်ချလိုက်ဖြင့် အစိုးရ
အခါခါလဲရင်း နောက်ဆုံးတွင် ထိုင်းစစ်တပ်၏သဘောတူညီမှုဖြင့်
ဒီမိုကရက်ပါတီနိုင်ပြီး အဘီဆစ်တက်လာသည်။ အဘီဆစ်ကို
သက်ဆင်ထောက်ခံသူများကဆန္ဒသဲသဲမဲမဲ ပြကြပြန်သည်။ သက်ဆင်ကို ဆန့်ကျင်သူနှင့်
ထောက်ခံသူ နှစ်ဘက် ဆန္ဒပြသမားများသို့ဆန္ဒမည်မျှကွဲပါစေ မြို့တွင်း
အဓိကနေရာများကို ပိတ်ဆို့ ဆန္ဒပြကြခြင်းတို့ တူညီကြသည်။သူတို့အကြံမှာ
အစိုးရအလုပ်မလုပ်နိုင်အောင် ဖြစ်သည်။
ရာဇ၀တ်ကောင်အဖြစ်
အမိန့်ထုတ်ခံထားရသည့်အစ်ကိုသက်ဆင် အပါအ၀င် ၀န်ကြီးချုပ်ဟောင်း အဘီဆစ်
စသည်တို့ပါ လွတ်ငြိမ်းချမ်းသာခွင့်ရစေမည့်Amnesty Bill ဥပဒေကြမ်းကို
သက်ဆင့်ညီမ လက်ရှိဝန်ကြီးချုပ်ယင်းလပ်က တင်သွင်းရာမှ ယခုကဲ့သို့
အခင်းဖြစ်ပွားခြင်းဖြစ်သည်။
ယင်းလပ်သည် နိုင်ငံရေး
အကျပ်အတည်းကြီးသည်ထက် ကြီးလာသည့်အတွက် ဒီဇင်ဘာလအတွင်းက လွှတ်တော်ကို
ဖျက်သိမ်းလိုက်ပြီး ဖေဖော်ဝါရီတွင်ရွေးကောက်ပွဲကျင်းပမည် ကြေညာကာ
အိမ်စောင့်အစိုးရအဖြစ် ပြောင်းလဲခဲ့သည်။ သို့သော်အတိုက်အခံ
ဒီမိုကရက်ပါတီက ရွေးကောက်ပွဲကိုပင် လက်မခံနိုင်ဘဲ ယခုကဲ့သို့
စီးနင်းရာဇသံပေးလိုက်ခြင်းဖြစ်သည်။
ထူးဆန်းသည်မှာ ထိုသို့
အကျပ်အတည်းဖြစ်အောင် ဦးဆောင်ပြုလုပ်သောပါတီက ဒီမိုကရက်ပါတီ
ဖြစ်နေခြင်းပင်။ နာမည်ကသာ ဒီမိုကရက်ပါတီ လုပ်ရပ်များက ဒီမိုကရေစီမဆန်သော
လုပ်ဆောင်ချက်များဖြင့် အာဏာရယူရန် ကြိုးစားနေခြင်း။ အထက်လွှတ်တော်ကို
ရွေးကောက်ခံရသူတွေ ချည်းသာထားရန် ယင်းလပ်ပါတီက ဆော်သြသည့်အခါ
ဒီမိုကရက်ပါတီက အသေအလဲ ကန့်ကွက်သည်။ ဒီမိုကရက်ပါတီသည်
ရွေးကောက်ပွဲကိုလည်း ကြောက်သည်။ နောက်ဆုံးကျင်းပခဲ့သည့်ရွေးကောက်ပွဲ
ငါးကြိမ်စလုံးတွင် သက်ဆင်၏ ပါတီကသာ နိုင်ပြီး
နောက်ဆုံးအကြိမ်တွင်မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သည်။
သူတို့ကယင်းလပ်ကို ရွေးကောက်ပွဲ မတိုင်မီအိမ်စောင့်အစိုးရ အဖြစ်ပင်
ရှိမနေစေချင်။ ယခုချက်ချင်း ထွက်ရမည်၊ ထွက်ပြီးလျင်
သူတို့လက်တွင်းအာဏာအပ်ရမည်ဟု ဆိုသည်။ နိုင်ငံကို ပြန်ပေးဆွဲခြင်း
တစ်မျိုးဖြစ်သည်။ “မင်းတို့ထွက်ချင်ထွက်၊ မထွက်ရင် နိုင်ငံနာမယ်” ဆိုသော
သဘောပင်။ ယင်းသည် democracy နှင့် ဆန့်ကျင်ပြီးလူစုလူဝေးနှင့်
အနိုင်ကျင့်သည့်သဘော mobocracy ဖြစ်သည်။
စစ်တပ်အာဏာသိမ်းခြင်းမျိုးကဲ့သို့အာဏာသိမ်းလိုခြင်းလည်း ဖြစ်သည်။
ဒီမိုကရက်ပါတီတွင်းတွင်လည်းသဘောထားတင်းမာသူနှင့်
အလယ်အလတ်သဘောထားရှိသူတို့ ကွဲပြားနေကြသည်။
ဝါရင့်ဒီမိုကရက်နိုင်ငံခြားရေးဝန်ကြီးဟောင်း ကာဆစ်က ပါတီသည်
ဒီမိုကရက်ပါတီဖြစ်သည့်အတွက် ရွေးကောက်ပွဲဝင်ရမည်ဟုပြောသည်။ သို့သော်
ပါတီအတွင်းတွင် သူ့သြဇာ မည်မျှညောင်းသလဲ မသေချာ။
ဘန်ကောက်၏စီးပွားရေးသည် ထိုင်းစီးပွားရေးကို လွှမ်းမိုးသည်။
ဘန်ကောက်ပိတ်ဆို့မှု ရက်ကြာလျင်နိုင်ငံ ပုံရိပ်ထိမည်၊ စီးပွားရေး ထိမည်။
စီးပွားရေး မထိလိုလျင် အစိုးရ နှုတ်ထွက်ပေး။နှုတ်ထွက်ပေးလျင် အစိုးရ
ညံ့ရာကျမည်။ အစိုးရရုံးများကို
ပိတ်ဆို့ထားသူတို့အားမဖယ်ရှားနိုင်လျင် ပျော့ရာကျမည်။ ၀န်ကြီးချုပ်
ယင်းလပ်သည် နိုင်ငံရေးအရ ၀ါနုသည်။ယခုအကျပ်အတည်းမတိုင်မီ လွန်ခဲ့သော
တစ်လခန့်က ယင်းလပ်သည် မိန့်ခွန်းပြောရင်း မျက်ရည်ကျလုလုဖြစ်ခဲ့သည်။
အစိုးရဖြစ်သည့်အတွက် အင်အားသုံး ဖြေရှင်းလျင်လည်း လူဆိုးဖြစ်ရမည်။
တစ်ဖန်အင်အားသုံးလျင်လည်း စစ်တပ်ပါလာဦးမှ။ စစ်တပ်ကို အမိန့်ပေးပြီး
စစ်တပ်က မပါလျင် အာဏာမရှိကြောင်းအထုပ်ဖြေပြသလိုဖြစ်ပြီး
အရှက်ထပ်ကွဲရဦးမည်။ သို့သော် ယခုထက်ပိုဆိုးလာလျင်
ထိုင်းစစ်တပ်ကလက်ပိုက်ကြည့်မနေနိုင်သည့်အတွက် အာဏာသိမ်းကောင်း
သိမ်းဦးမည်။ အာဏာသိမ်းပြန်လျင်ရွေးကောက်ပွဲအခြေခံဖြင့်
မင်းပြောင်းမင်းလွဲလုပ်ရသည့် ဒီမိုကရေစီကျင့်စဉ်ကို
ချိုးဖောက်ရာကျမည်။ထိုထိုသော အကြောင်းတို့ကြောင့် ထိုင်းနိုင်ငံရေးသည်
ဆူးကြားတွင် သီးရသော ဗူးခါးကဲ့သို့အကျပ်အတည်းတွင်း ဒုတ်ဒုတ်ထိဆိုက်
နေသည်။
ထိုင်းနှင့် မြန်မာတို့ကို ယှဉ်ကြည့်လျင်
ထိုင်းကရှေ့သို့များစွာ ရောက်နေသော်လည်း ယခုအချိန်တွင်
ထိုင်းနိုင်ငံရေးသည် ဂငယ်ကွေ့ ပြန်ကွေ့လိုသည့်သဘောကို မြင်နေရသည်။
မြန်မာနိုင်ငံက အဟများကို ပြန်စေ့သည့် လမ်းကြောင်းပေါ်သို့ရောက်ချိန်တွင်
ထိုင်းတွင် မြို့သား တောသား ကွာဟချက်၊ သက်ဆင်ထောက်ခံသူ
သက်ဆင်ဆန့်ကျင်သူအကွဲသည် ကြီးသည်ထက် ကြီးလာနေသည်။ ထိုအကွဲအပြဲသည်
တော်ရုံတန်ရုံဖြင့် ပြန်စေ့မည့်အရိပ်အရောင် မမြင်ရ။
နိုင်ငံရေးခေါင်းဆောင်တို့သည်လည်း ထိုအကွဲအပြဲကို
ပြန်စေ့ရန်ကြိုးစားမည်ဝေးစွ၊ အကွဲအပြဲကို အသုံးချကာ ဗိုလ်ဝင်ခံရန်
ကြိုးစားနေကြသည်။
ထိုင်းနိုင်ငံရေးအကျပ်အတည်းသည်
ထိပ်ပိုင်းတို့အတွက် နိုင်ငံရေး အကျိုးအမြတ်ရမည် ဖြစ်သော်လည်း
စီးပွားရေးထိသည့်အတွက်သာမန်လူတို့အတွက်မူ အရှုံးများသည်။ သာမန်လူတို့၏
ဘ၀များကို power elite ခေါ် နိုင်ငံရေးထိပ်ပိုင်းတို့၏နိုင်ငံရေး
ရည်မှန်းချက်တို့အတွက် စတေးရသော သဘော ဖြစ်လာသည်။
ဒီမိုကရေစီစနစ်တွင်ခေါင်းဆောင်ပိုင်း အပြောင်းအလဲကို
ရွေးကောက်ပွဲများဖြင့် ပြုလုပ်သည်။ အခြားစနစ်များတွင်ကဲ့သို့ အာဏာလုပွဲ
မကြမ်းတမ်းအောင်ခေါင်းဆောင်နေရာလိုချင်သူတို့သည် ရွေးကောက်ပွဲများတွင်
ပြည်သူ့ဆန္ဒကို ခံယူနိုင်သည်။အာဏာကို လုရာတွင် ဒီမိုကရေစီနည်း မသုံးဘဲ
ဒီမိုကရေစီ မဆန်သောနည်းများ ခေတ်စားလာခြင်းသည်ယခင်က ချီးကျူးခံခဲ့ရသော
ထိုင်းဒီမိုကရေစီ နောက်ပြန်လျှောကျခြင်းဟု ဆိုနိုင်သည်။
ထိုင်းနှင့် မြန်မာသည်
နီးစပ်သည်။ယဉ်ကျေးမှုချင်းတူသလိုကူးလူးယှက်သွယ်ခြင်းလည်း
များပြားသည်။ထိုင်းလျှောက်သောလမ်းမှ အကွေ့အကောက်
အတက်အကျတို့ကိုကြည့်ပြီးကိုယ့်အရပ်ကိုယ့်ဇာတ်နှင့်အညီ
ညှိယူပါမှမြန်မာ့လမ်းကိုမတိမ်းမစောင်းလျှောက် နိုင်ကြမည် ဖြစ်သည်။
ထိုင်းနိုင်ငံရေးအခက်သည်မြန်မာတို့ လေ့လာမှတ်သားရန် အချက်ဖြစ်သည်။ ထို့ကြောင့် ထိုင်းအခက် မြန်မာအချက်။
Ref: The Voice Weekly
No comments:
Post a Comment