Wednesday, January 22, 2014
ထိုင်ဝမ်တပ်မတော် အင်အားကို ၂၀ ရာခိုင်နူန်း လျှော့ချမည်ဟု အတည်ပြု
ဒေသတွင်း စစ်တပ် တည်ဆောက်ရာတွင် တရုတ်၏ ဖိအားနှင့် ရင်ဆိုင်နေရသော ထိုင်ဝမ်သည် ၎င်း၏ စစ်အင်အားကို လာမည့် ငါးနှစ်အတွင်း ၂၀ ရာခိုင်နူန်းအထိ လျှော့ချသွားမည် ဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီး ကိုယ်တိုင်က အတည်ပြု ပြောကြားလိုက်ကြောင်း The strait times သတင်းတစ်ရပ်က ဖော်ပြထားသည်။
ယခုလက်ရှိ အချိန်တွင် ထိုင်ဝမ်ကျွန်း၌ စစ်အင်အား နှစ်သိန်း တစ်သောင်းငါးထောင် ရှိရာမှ ယင်းကိန်းဂဏန်း၏ ၂၀ ရာခိုင်နူန်းအထိ လျှော့ချမည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ယန်မင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် စစ်အင်အားသည် တစ်သိန်းခုနစ်သောင်းမှ တစ်သိန်းကိုးသောင်း ကြားတွင်သာ ရှိတော့မည် ဖြစ်သော်လည်း စစ်စွမ်းရည် ကျဆင်းမသွားနိုင်ကြောင်း ဝန်ကြီးက ဆိုထားသည်။
စစ်တပ်အင်အား နည်းသွားမည် ဖြစ်သော်လည်း ပိုမိုလေ့လာ သင်ကြားထားသော၊ ပိုမိုအရည်အချင်း ပြည့်ဝသော လက်နက်ကိုင် တပ်မတော် ဖြစ်လာမည်ဟု ၎င်းက ဆက်လက်ပြောဆိုထားသည်။
“အစိုးရဘတ်ဂျက်၊ လက်နက် အသစ်တပ်ဆင်နိုင်မှုနဲ့ နယ်မြေကို လိုက်ပြီးတော့ လူ့စွမ်းအား ထိန်းညှိခြင်းကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု မစ္စတာယန်မင်က သတင်းထောက်များကို ပြောကြားခဲ့သည်။
ကြည်းတပ်၊ ရေတပ်နှင့် လေတပ်တို့မှ စစ်သည်များကို မျှပြီး လျှော့ချသွားမည် ဖြစ်ပြီး ယင်းသို့ လုပ်ဆောင်မှုကြောင့် အကျပ်အတည်းများ မဖြစ်ပေါ်နိုင်ဟုလည်း စစ်ဘက်ဆိုင်ရာ အဆိုပါ ထိပ်တန်း အရာရှိကြီးက ထောက်ပြသည်။
လူငယ်များအနေဖြင့် တပ်မတော်သားအဖြစ် အလုပ်လုပ်ကိုင်နိုင်စေရန် အတွက်လည်း မက်လုံးများ ပေးသွားမည်ဖြစ်ကာ စေတနာ့ဝန်ထမ်း အပျော်တမ်း တပ်ဖွဲ့ဝင် များကိုလည်း ဆက်လက် ခေါ်ယူသွားမည်ဟု ဝန်ကြီးယန်မင်က နှစ်သစ်ကူးပွဲတော် ညစာစားပွဲတွင် သတင်း မီဒီယာသမားများကို ပြောကြားခဲ့သည်။
အပျော်တမ်း တပ်ဖွဲ့ဝင်များကို အစိုးရက အသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၆၆ ဒေါ်လာကျော်ကျော်သာ ပေးထားခဲ့ရာမှ နှစ်ဆ တိုးပေးတော့မည်ဟုလည်း ၎င်းကဆိုသေးသည်။
ထိုင်ဝမ် တပ်မတော်သည် နှစ်စဉ် တပ်ဖွဲ့ဝင်သစ် တစ်သောင်းခေါ်ခဲ့ရာမှ ယခုအခါ လျှော့ပြီး တပ်ဖွဲ့ဝင်သစ် ခုနစ်ထောင်သာ ခေါ်တော့မည်ဟု ၎င်းကပြောဆိုကာ ယင်းနည်းဖြင့် စစ်တပ် အင်အားကို ဖြည်းဖြည်းချင်း ချုံ့သွားမည်ဟု ပြောကြားသည်။
Ref: The Voice Weekly
Subscribe to:
Post Comments (Atom)
No comments:
Post a Comment