Saturday, January 18, 2014
အီလက်ထရွန်နစ် ဖုန်းဖြင့် ထောက်လှမ်းသော ထောက်လှမ်းရေး အေဂျင်စီ ကို အိုဘားမား ပြောင်းလဲမည်
အမေရိကန်ထောက်လှမ်းရေး ဝန်ထမ်းဟောင်း အက်ဒ်ဝပ်စနိုးဒန်က ထောက်လှမ်းရေး သတင်းအချက်အလက်များ ဖွင့်ချခဲ့သဖြင့် စပိုင်လုပ်မှုများ ပေါ်ပေါက်ခဲ့သော အမေရိကန် အမျိုးသား ထောက်လှမ်းရေး အေဂျင်စီ NSA ကို သတင်းအချက်အလက်များ ထောက်လှမ်းသည့် ကိစ္စရပ် များကို ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်မည်ဟု အမေရိကန်သမ္မတ ဘားရက်ခ်အိုဘားမားက ပြောဆိုခဲ့ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။
စနိုးဒန်သည် ယခုအခါ ရုရှားနိုင်ငံတွင် ခိုလှုံခွင့်ဖြင့် နေထိုင်လျက်ရှိပြီး မီဒီယာများထံသို့ ၎င်းထံမှ ပေါက်ကြားသွားသော သတင်းအချက်အလက်များအရ အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များအကြား ဆက်ဆံရေး သံတမန် အကျပ်အတည်းများ ဖြစ်ပေါ်ခဲ့သည်။
အကြမ်းဖက်သမားဟု ယူဆရသည့် လှုပ်ရှားမှုများကိုသာ ကြားဖြတ် ခြေရာခံနိုင်အောင် အဆိုပါ အစီအစဉ်ကို အသုံးပြုရခြင်း ဖြစ်ကြောင်း၊ အားလုံး၏ တယ်လီဖုန်းများကို နားဆင်နေခြင်း မဟုတ်ကြောင်း အိမ်ဖြူတော်က အာမခံချက် ပေးထားသည်။
တရားရေးဌာနက ထောက်လှမ်းရေး အသိုင်းအဝိုင်းကို ပြည်သူများ ပြန်လည် ယုံကြည်မှု ရရှိလာစေရန် လုပ်ဆောင်မည် ဖြစ်ကြောင်း အိုဘားမားက သောကြာနေ့တွင် ပြောကြားသော မိန့်ခွန်း၌ ထည့်သွင်း ပြောဆိုခဲ့သည်။
ထောက်လှမ်းရေး ကြားဖြတ် ခြေရာခံခြင်းနှင့် ပတ်သက်၍ မူဝါဒရေးရာ ပြန်လည် သုံးသပ်ချက်များ အိမ်ဖြူတော်က အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီးနောက် အိုဘားမားက မိန့်ခွန်း ပြောကြား ကတိပြုခဲ့ခြင်း ဖြစ်သည်။
စနိုးဒန်၏ ဖွင့်ချချက်များသည် အမေရိကန် မူဝါဒကို ထိခိုက်မှုများ ရှိကြောင်း၊ သို့သော် ပြုပြင်ပြောင်းလဲမှုများ လိုအပ်သည်ကို နားလည်လာစေကြောင်း သမ္မတအိုဘားမားက ရှုမြင်သည်ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အရာရှိ ဂျေးကာနီက ပြောကြားခဲ့သည်။
အမေရိကန်သမ္မတက ထောက်လှမ်းရေး အီလက်ထရွန်နစ် စပိုင် လုပ်မှုအကြောင်း မိန့်ခွန်း မပြောခင် အက်ဒ်ဝပ် စနိုးဒန်၏ နောက်ဆုံး ဖွင့်ချချက်ကို ဖော်ပြခဲ့သေးသည်။
အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ NSA က နေ့စဉ် တယ်လီဖုန်း စာသား Message သန်း ၂၀၀ ခန့်ကို ကမ္ဘာအနှံ့ ကူးယူပြီးတော့ မိုဘိုင်းလ်ဖုန်း အသုံးပြုသူများ၏ အချက်အလက်များ၊ အဆက် အသွယ်များနှင့် Credit Card အသေးစိတ် အချက်အလက်များကို မှတ်တမ်း တင်သည်ဟု အက်ဒ်ဝပ် စနိုးဒန်၏ နောက်ဆုံး ဖွင့်ချချက်က ဆိုထားသည်။
အရပ်သား အခွင့်အရေး တက်ကြွလှုပ်ရှား သူများက ယင်းကိစ္စအတွက် အမေရိကန် အစိုးရကို ပြင်းထန်စွာ ဝေဖန် ရှုတ်ချကြသည်။
“ကျွန်မတို့ အစိုးရဟာ အမေရိကန် ပြည်သူတွေကို နေ့စဉ် ဆက်ပြီး ထောက်လှမ်းနေဦးမှာလား” ဟု မီရှဲရစ်ချက်ဆင် ဆိုသူ အမေရိကန် အရပ်သား လွတ်လပ်မှုဆိုင်ရာ အဖွဲ့အစည်း၏ အဖွဲ့ဝင်က မေးခွန်း ထုတ်ထားသည်။
Ref: The Voice Weekly
Subscribe to:
Post Comments (Atom)
No comments:
Post a Comment