Monday, January 20, 2014
အငြင်းပွားမှုများအတွက် တရုတ်၊ တောင်ကိုရီးယားတို့နှင့် ထိပ်သီး ဆွေးနွေးပွဲ ပြုလုပ်ရန် ဂျပန်ဝန်ကြီးချုပ် တိုက်တွန်း
သမိုင်းကြောင်းနှင့် နယ်နိမိတ် ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုကြောင့် အိမ်နီးချင်း နိုင်ငံများနှင့် ဆက်ဆံရေး ဆိုးရွားနေမှုကို ကူညီဖြေရှင်းရန်အလို့ငှာ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့နှင့် ပွင့်လင်းမှု ရှိသည့် ထိပ်သီး ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရန် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဇန်နဝါရီ ၁၉ ရက်နေ့က အဆိုပြု တိုက်တွန်းလိုက်ကြောင်း The Economic Times က ရေးသား ဖော်ပြသည်။
“ကျွန်တော်တို့ အနေနဲ့ ထိပ်သီး ဆွေးနွေးပွဲ တစ်ရပ် ကျင်းပပြုလုပ်ပြီး ပွင့်ပွင့်လင်း လင်း ဆွေးနွေးသင့်ပါတယ်”ဟု ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဂျပန်သတင်းဌာနတစ်ခု ဖြစ်သော HNK နှင့်ပြုလုပ်သော အင်တာဗျူးတွင် ပြောကြားသည်။
ရှင်ဇိုအာဘေးက ထိုသို့ တိုက်တွန်းပြောဆိုမှု မပြုလုပ်မီ ရက်ပိုင်းအတွင်းကလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက တရုတ်၊ တောင်ကိုရီးယားနိုင်ငံတို့နှင့် ထိပ်သီးဆွေး နွေးပွဲ ကျင်းပပြုလုပ်ရန် အလားတူ တိုက်တွန်း ပြောဆိုခဲ့သေးသည်။
ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့သည် သမိုင်းကြောင်းနှင့် နယ်နိမိတ်ပိုင်ဆိုင်မှု ကိစ္စဆိုင်ရာ အငြင်းပွားမှုတို့ကြောင့် ထိပ်ပိုင်းခေါင်းဆောင်များအဆင့် ဆွေးနွေးပွဲ ကျင်းပပြုလုပ်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။
ဤသို့သော အခြေအနေထဲတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တရုတ်နှင့် တောင်ကိုရီးယားတို့က ဂျပန်မွှေးသည့် စစ်မီးတောက်နှင့် ဖက်ဆစ်ဝါဒ၏ ပြယုဂ် အဖြစ် သတ်မှတ် ရှုမြင်ထားသော ယာကူဇူနီ ဂူဗိမာန်သို့ သွားရောက် ဂါရဝပြုခဲ့ရာ ဆက်ဆံရေးများ ပိုမို ဆိုးရွားခဲ့သည်။
ဂျပန်ဝန်ကြီးချုပ်က ဂျပန်ကြောင့် စစ်ပွဲများ ထပ်မံ မဖြစ်ပွားရန် ကတိကဝတ်ပြု လိုခြင်းကြောင့် သွားရောက်ခြင်း ဖြစ်သည်ဟု ဆိုသော်လည်း တောင်ကိုရီးယားနှင့် တရုတ်တို့က ဂျပန်သည် ဒုတိယကမ္ဘာစစ်အတွင်း စစ်ရာဇဝတ် ကျူးလွန်ခဲ့မှုအပေါ် နောင်တရခြင်း မရှိကြောင်း စွပ်စွဲ ပြောဆိုခဲ့ ကြသည်။
“တခြားနိုင်ငံခေါင်းဆောင်တွေ သူတို့ရဲ့ သေဆုံးသွားတဲ့ နိုင်ငံသားတွေ အတွက် သွားရောက် ဆုတောင်းသလို သဘောမျိုးနဲ့ ကျွန်တော်သွားခဲ့တာပါ။ ဒါဟာ မှန်လား၊ မှားလားဆိုတာကို စဉ်းစား စေချင်ပါတယ်။ တကယ်လို့သာ သူတို့အနေနဲ့ အဲဒီလို စဉ်းစားကြမယ်ဆိုရင် နားလည်မှု လွဲမှားတာတွေ ကွယ်ပျောက်သွားမယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားသည်။
ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဆက်ဆံရေး မပြေမလည် ဖြစ်မှုများအတွက် ထိပ်သီး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရန် တိုက်တွန်းသော်လည်း ဂျပန်အနေနှင့် အရှေ့တရုတ် ပင်လယ်ပြင်တွင်းရှိ ပိုင်နက်အငြင်းပွား ကျွန်းစုများနှင့် ပတ်သက်၍ လိုက်လျော ပေးမှုများ ပြုလုပ်မည် မဟုတ်ဟု ဆိုသည်။
“ထိပ်သီး ဆွေးနွေးပွဲအတွက် ဂျပန်ဘက်က အခက်အခဲတွေကို မဖြစ်မနေ ဖယ် ရှားပေးရမယ်ဆိုရင်တော့ ယုတ္တိရှိမှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆက်လက် သုံးသပ်သည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီယိုကီ ရှီဒါသည် တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ လေးစားအပ်သော ခေါင်းဆောင်များ အနေနှင့် အငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းသင့်ကြောင်း သောကြာနေ့က တိုက်တွန်း ပြောဆိုခဲ့သေးသည်။
အဆိုပါ သုံးသပ် ပြောဆိုမှုသည် အာဖရိကသမဂ္ဂဆိုင်ရာ တရုတ်အထူး သံတမန်က ဂျပန်ဝန်ကြီးချုပ်ကို ပြဿနာရှာသူ အဖြစ် သတ်မှတ်ပြောဆိုခဲ့မှုအပေါ် ဂျပန် အစိုးရက ပယ်ချလိုက်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
Ref: The Voice Weekly
Subscribe to:
Post Comments (Atom)
No comments:
Post a Comment