Tuesday, January 21, 2014
ဆီးရီးယားငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ အီရန်တက်ရောက်ရန် ကုလဖိတ်ကြား၊ အမေရိကန်အရာရှိများ ကန့်ကွက်
ယခု ရက်သတ္တပတ် အတွင်း ဆွစ်ဇာလန် နိုင်ငံတွင်ကျင်းပပြုလုပ်ရန် ရှိသော ဆီးရီးယား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပါဝင်တက်ရောက်ရန် အီရန်နိုင်ငံကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဖိတ်ကြားလိုက် သော်လည်း အမေရိကန် အစိုးရအရာရှိကြီး များက အဆိုပါ ဖိတ်ကြားချက်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်ကြကြောင်း ကုလသမဂ္ဂနှင့် အမေရိကန် မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
နှစ်ပေါင်း သုံးနှစ်နီးပါးခန့် ကြာမြင့် နေပြီဖြစ်သော ဆီးရီးယားပြည်တွင်းစစ် အဆုံးသတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရန် အတွက် ဂျနီဗာတွင် မကြာမီ ရက်ပိုင်းအတွင်း ကျင်းပရန်ရှိသော ဆွေးနွေးပွဲသို့ အီရန်နိုင်ငံအား ဖိတ်ကြားမှုသည် သင့်တင့် လျောက်ပတ်မှု မရှိကြောင်း၊ အကြောင်းမှာ အီရန်သည် ယင်းကဲ့သို့သော ဆွေးနွေးပွဲသို့ တက်ရောက်နိုင်သည့် နိုင်ငံတစ်နိုင်ငံ၏ သတ်မှတ်ချက် များနှင့် ပြည့်စုံမှုမရှိသော ကြောင့်ဖြစ်ကြောင်း အမေရိကန်အစိုးရ အရာရှိကြီးများ၏ ပြောကြားချက်ကို New York Times သတင်းစာက ကိုးကား ဖော်ပြသည်။
ထို့အတူ ဆီးရီးယားပင်မ အတိုက်အခံအဖွဲ့ ကလည်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အနေနှင့် အီရန်နိုင်ငံအား ဖိတ်ကြားထားမှုကို ပြန်လည်ရုပ်သိမ်းမှု မပြုလုပ်ပါက ၄င်းတို့အဖွဲ့ အနေနှင့် ဆွေးနွေးပွဲသို့ တက်ရောက် မည်မဟုတ်ဟု ထုတ်ဖော် အသိပေးသည်။
သို့သော် ဆီးရီးယားနိုင်ငံတွင် အသွင်ကူးပြောင်းရေး အစိုးရတစ်ရပ် ပေါ်ထွန်းလာရေး အတွက် အပေါင်းလက္ခဏာ ဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်သည်ဟု အီရန်နိုင်ငံ ထံမှ အာမခံ ပြောကြားချက် တစ်ရပ် လက်ခံရရှိထားကြောင်း ဘန်ကီမွန်းက ပြောကြားသည်။
ဆီးရီးယားအရေးကိစ္စ အတွက် လာမည့် ဗုဒ္ဓဟူးနေ့တွင် Montreux မြို့တွင် ပဏာမ အကြိုဆွေးနွေးပွဲ တစ်ရပ် ကျင်းပပြု လုပ်မည်ဖြစ်ပြီး နှစ်ရက် အကြာတွင် ဂျနီဗာ၌ ဆက်လက် ဆွေးနွေးသွားကြရန် စီစဉ်ထားသည်။
ဆီးရီးယား အာဏာရှင်သမ္မတ ဘာရှာအာဆတ်၏ အစိုးရအဖွဲ့ ကမူ ယင်း ဆွေးနွေးပွဲသို့ တက်ရောက်မည်ဟု သဘော တူညီထားသည်။
"ကျွန်တော် အကြိမ်ကြိမ်အခါခါ ပြောခဲ့ဖူးသလိုပါပဲ။ ဆီးရီးယား အကျပ်အတည်းအတွက် အဖြေရှာတဲ့ နေရာမှာ အီရန်နိုင်ငံလည်း တစ်စိတ်တစ်ပိုင်း အဖြစ် ပါဝင်ဖို့ လိုအပ်တယ် ဆိုတာကို ကျွန်တော် ယုံကြည်ပါတယ်" ဟု ဘန်ကီမွန်းက ပြောကြားသည်။
Montreux မြို့၌ ကျင်းပပြုလုပ်မည့် အကြိုဆွေးနွေးပွဲတွင် အပြုသဘောနှင့် အပေါင်းလက္ခဏာ ဆောင်သည့် အခန်းကဏ္ဍ မှပါဝင်မည်ဟု အီရန်နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရစ်က မကြာသေးမီက ကတိကဝတ်ပြု ပြောဆိုထားသည်။
သို့သော် ဘန်ကီမွန်းက "ကျွန်တော် ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောပါရစေ၊ Montreux မြို့ဟာ စေ့စပ်ညှိနှိုင်းပွဲအတွက် နေရာမဟုတ်ပါဘူး။ ဆီးရီးယားနဲ့ ပတ်သက်တဲ့ အဖွဲ့တွေ အနေနဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့ ဂျနီဗာမှာ သူတို့ကိုယ်တိုင် ဆွေးနွေးပွဲဖြစ်စဉ် စတင် လုပ်ဆောင်နိုင်မှာပါ" ဟု ဘန်ကီမွန်း ကပြောကြားသည်။
ဆီးရီးယားနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော ပြည်တွင်းစစ်မက် ပဋိပက္ခကြောင့် သေဆုံးသူ တစ်သိန်းကျော် ရှိသွားပြီဖြစ်ကာ နှစ်သန်းခန့်မှာ နိုင်ငံစွန့်ခွာ ထွက်ပြေးခဲ့ ကြရပြီး ၆ ဒသမ ၅ သန်းကျော်မှာ ပြည်တွင်း၌ပင် ပြောင်းရွှေ့ နေထိုင်ခဲ့ကြရသည်။
Ref: The Voice Weekly
Subscribe to:
Post Comments (Atom)
No comments:
Post a Comment